Saturday, October 15, 2016

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သမိုင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သမိုင်း

နိဒါန်း

မိမိတို့မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီစနစ်သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းရင်းသားပြည်သူအားလုံးပါဝင်နိုင်မည့် ပါတီစုံဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပါတီများအားလုံးပါဝင်သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် အဓိကကျလှပါသည်။ ရွေးကောက်ပွဲများသည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ စသည့် အာဏာ (၃) ရပ် ဖြစ်ထွန်းပေါ်ပေါက်ရန်အတွက် အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်ပါသည်။ ပြည်သူများအား ကိုယ်စားပြု သည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်ပေးရသည့် စနစ်လည်းဖြစ်ပါသည်။ ထိုရွေးကောက်ပွဲများ ကို အောင်မြင်စွာကျင်းပပေးနိုင်ရန် အာဏာ (၃) ရပ်နှင့်သက်ဆိုင်မှုမရှိဘဲ သီးခြား လွတ်လပ်သည့် ရွေးကောက်ပွဲကော်မရှင်လည်း ရှိရန်လိုအပ်ပါသည်။




လွပ်လပ်ရေးရပြီးခေတ် (၁၉၄၈-၁၉၆၂)

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက လွတ်လပ်ရေး ရပြီးနောက် ဖဆပလခေတ် (၁၉၄၈-၁၉၆၂) တွင် ပါလီမန်အထွေထွေ ရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သည်။ ပထမအကြိမ် ပါလီမန်အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လမှ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ၍ ကျင်းပခဲ့သည်။ ဒုတိယအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲကို ၁၉၅၆ ခုနှစ်၊ ဧပြီလ (၂၇)ရက်တွင် ကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၂၉) ပါတီ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ရွေးကောက်ပွဲ၌ အဓိကပြိုင်ဘက်ပါတီ နှစ်ခုမှာ ဖဆပလ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညီညွတ်ရေးတပ် ပေါင်းစု ( ပမညတ ) တို့ဖြစ်ကြသည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ (၂၇) တွင် အိမ်စောင့်အစိုးရအဖွဲ့ကို တစ်ဖန်ပြည်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့၌ လွတ်လပ်၍ တရားမျှတသော ပါလီမန်အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။

၁၉၆၀ ပြည့်နှစ် ပါလီမန်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၂၅၀) နေရာအနက် သန့်ရှင်းဖဆပလသည် (၂၀၃)နေရာနှင့် တည်မြဲဖဆပလသည် (၃၉)နေရာ အနိုင်ရပြီး ပမညတ အဖွဲ့က (၁) နေရာသာ အနိုင်ရရှိခဲ့သည်။ သန့်ရှင်းဖဆပလသည် ပြည်ထောင်စု(ပထစ) အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုအစိုးရ (၁၉၆၀-၁၉၆၂) လက်ထက်တွင် ရခိုင်နှင့် မွန်ပြည်နယ်ပေးရေး ပြဿနာများသာမက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်သည့်ကိစ္စများအပြင် ဖက်ဒရယ်မူပြဿနာများပါ ပေါ်ပေါက်လာပြီး နိုင်ငံရေးအခြေအနေ ယိမ်းယိုင်လာခဲ့သည်။ ယိုယွင်း လာသော မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် တပ်မတော်က ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ရသည်။

စစ်ပြီးခေတ် ရွေးကောက်ပွဲများကို ရွေးကောက်ပွဲမင်းကြီး တစ်ဦးသာခန့်ထားပြီး ယင်း၏စီမံခန့်ခွဲမှု၊ ကြီးကြပ်မှုဖြင့်သာ ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ ရွေးကောက်ပွဲမင်းကြီးများအဖြစ် ဆောင်ရွက်ခဲ့ သူများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ဦးကာစီ
(ခ) ဦးလှရှိန်
(ဂ) ဦးကျော်
(ဃ) ဦးလှိုင်ဘွား
(င) ဦးစံညွန့်
(စ) ဦးဘဌေး
(ဆ) ဦးအုန်းဖေ

၁၉၆၂ တွင်မူ ရွေးကောက်ပွဲမင်းကြီးတစ်ဦးတည်းသာ ခန့်အပ်ခြင်းကို ပြင်ဆင်ကာ ရွေးကောက်ပွဲ မင်းကြီးချုပ် (၁) ဦး နှင့် ရွေးကောက်ပွဲမင်းကြီး (၂) ဦး ပေါင်း (၃) ဦးပါဝင်သည့် ပထမဆုံး ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်တွင်ပါဝင်ခဲ့သူများမှာ -
(က) သတိုးသုဓမ္မ ဦးတင် (ရွေးကောက်ပွဲမင်းကြီးချုပ်)
(ခ) သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင် (ရွေးကောက်ပွဲမင်းကြီး)
(ဂ) ဝဏ္ဏကျော်ထင် ဦးအုန်းဖေ (ရွေးကောက်ပွဲမင်းကြီး)
၁၉၆၂ ခုနှစ် ဧပြီ (၃၀) ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်ခဲ့သဖြင့် ဖော်ပြပါ ကော်မရှင်သည် ပျက်ပြယ်သွားခဲ့ပြီး သက်တမ်း (၁) နှစ်ခန့်သာ ကြာမြင့်ခဲ့ပါသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် (၁၉၆၂- ၁၉၈၈)

တပ်မတော်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူပြီးနောက် ဗိုလ်ချုပ်နေဝင်းက ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကိုဖွဲ့စည်းပြီး တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက နိုင်ငံတော်ကိုဦးဆောင်ပြီး တစ်ပါတီစနစ်ဖြင့် ကျင်းပသည့် ရွေးကောက်ပွဲ အခင်း အကျင်းများ စတင်လာခဲ့သည်။ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ နှင့် ၁၉၈၅ ခုနှစ်တို့တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးကောက်ပွဲများကျင်းပခဲ့သည်။ ၎င်းရွေးကောက်ပွဲများမှာ ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ကိုယ်စားလှယ်များအား ပြည်သူလူထုအနေဖြင့် ထောက်ခံ/ မထောက်ခံ ဆန္ဒမဲကိုသာ ပေးခဲ့ရပါသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက် နေ့တွင် စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော်အရေးပေါ် အစည်းအဝေးက တစ်ပါတီစနစ်နှင့် ပါတီစုံစနစ်အနက် မည်သည့်စနစ်ကို လိုလားကြောင်း ပြည်သူ့ ဆန္ဒခံယူပွဲမကျင်းပတော့ဘဲ ပါတီစုံစနစ်ဖြင့်အထွေထွေ ရွေးကောက်ပွဲကို (၃) လအတွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရေးအတွက် နိုင်ငံတော်ကောင်စီက ပြည်သူ့လွှတ်တော်သို့ အဆိုပြု တင်ပြ ခဲ့သည်။

ယင်းတင်ပြချက်အရ ပြည်သူ့လွှတ်တော်က အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါသည် -
(က) ဦးဘဌေး (အငြိမ်းစားဘဏ္ဍာတော်မင်းကြီး)
(ခ) ဦးကျော်ညွန့် (အငြိမ်းစားကနေဒါနိုင်ငံဆိုင်ရာ သံအမတ်ကြီး)
(ဂ) ဦးစန်းမောင် (အငြိမ်းစားချွေတာစုဆောင်းရေးနှင့်အာမခံစာချုပ်များမင်းကြီး)
(ဃ) ဦးစောကြာဒိုး (အငြိမ်းစားဗိုလ်မှူးချုပ်)
(င) ဆရာချယ် (ယခင်ပါလီမန်အမတ်နှင့်ယခင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ကော်မရှင်အဖွဲ့ဝင်များက ဦးဘဌေးအား ကော်မရှင်ဥက္ကဌအဖြစ် တင်မြှောက်ကြပြီး ကော်မရှင် အတွင်းရေးမှူးအဖြစ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲ ကျင်းပရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးအေးမောင်အား တာဝန်ပေးအပ်ခဲ့ပါသည်။

ပါတီစုံဒီမိုကရေစီခေတ် (၁၉၈၉- ယနေ့ထိ)

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို  ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံရေးပါတီ (၉၃) ပါတီမှ ကိုယ်စားလှယ်လောင်း (၂၂၀၉) ဦးနှင့် တစ်သီးပုဂ္ဂလ (၈၇) ဦး တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၂၉၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။        ၁၂။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန် အတွက် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှာက် ခံရသည့် လွှတ်တော်အမတ်များ၊ လူထုလူတန်းစားအသီးသီးနှင့် တိုင်းရင်းသားအားလုံး၏ ကိုယ်စား လှယ်များပါဝင်သော အမျိုးသားညီလာခံကို ကျင်းပကာ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများ ရေးဆွဲရေးကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ အမျိုးသားညီလာခံ ကျင်းပ ရာတွင် အခက်အခဲ အနှောင့်အယှက်များ ကြုံရသည့်အတွက် ၁၉၉၆ ခုနှစ်၌ အမျိုးသားညီလာခံကို ယာယီဆိုင်းငံ့ခဲ့ရသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅) ရက်တွင် ကြေညာချက်အမှတ် (၁/၉၇) ဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့ပြီး ထိုနေ့မှာပင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအလို့ငှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နယက)ကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၃ ခုနှစ်၊ သြဂုတ် (၃၀) ရက် နေ့တွင် နိုင်ငံတော်ရှေ့ဆက်သွားရမည့်မူဝါဒလမ်းစဉ် (၇)ရပ်ကို ကြေညာခဲ့သည်။ ထိုလမ်းစဉ်အရ ပထမအဆင့်ဖြစ်သည့် အမျိုသားညီလာခံကျင်းပရေးကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ အမျိုးသား ညီလာခံ စုံညီအစည်းအဝေးက ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရန် အခြေခံ မူမျာနှင့် အသေးစိတ်အခြေခံရမည့်မူများကို ချမှတ်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၃) ရက် နေ့တွင် အမျိုးသားညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ  ကျင်းပရေးကော်မရှင်သည် ၂၀၀၈ ခုနှစ် မေလ (၁၀) ရက်နေ့နှင့် (၂၄)ရက် နေ့တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ကို အတည်ပြုရေး အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခဲ့သည်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)ကို အတည်ပြုရန် ဥပဒေနှင့်အညီ ထောက်ခံကြောင်း အစီရင်ခံစာအရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ ခုနှစ်၊ မေ (၂၉) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းကြောင်း ကြေညာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၄၄၃ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၁/ ၂၀၁၀) ဖြင့် ပြဌာန်းထားသော ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့အရ အောက်ပါပုဂ္ဂိုလ်များပါဝင်သည့် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ” ကို ဖွဲ့စည်းပေးခဲ့သည်-
(က) ဦးသိန်းစိုး           ဥက္ကဋ္ဌ
( ခ) ဦးအင်ဇော်နော် အဖွဲ့ဝင်
( ဂ) ဦးခင်မောင်နု အဖွဲ့ဝင်
(ဃ) ဦးစောဘလှိုင် အဖွဲ့ဝင်
( င) ဒေါက်တာ ဘမောင် အဖွဲ့ဝင်
( စ) ဦးညွန့်တင်         အဖွဲ့ဝင်
(ဆ) ဦးမောင်သာလှ အဖွဲ့ဝင်
( ဇ) ဒေါက်တာ စိုင်းခမ်းလှိုင် အဖွဲ့ဝင်
( ဈ) ဦးအောင်မြင့်          အဖွဲ့ဝင်
(ည) ဦးမြင့်နိုင်         အဖွဲ့ဝင်
( ဋ) ဒေါက်တာ တင်အောင်အေး အဖွဲ့ဝင်
( ဌ) ဒေါက်တာ ဒေါ်မြင့်ကြည် အဖွဲ့ဝင်
( ဍ) ဒေါ်ခင်လှမြင့် အဖွဲ့ဝင်
( ဎ) ဦးသာဦး         အဖွဲ့ဝင်
(ဏ) ဒေါက်တာ မောင်ထူး အဖွဲ့ဝင်
(တ) ဦးသာဌေး                အဖွဲ့ဝင်
(ထ) ဦးဝင်းကြည်         အဖွဲ့ဝင်

အဖွဲ့ဝင်ဖြစ်သော ဒေါက်တာစိုင်းခမ်းလှိုင်သည် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်အရွေးခံ လိုကြောင်း တင်ပြခဲ့၍ ၎င်းအစား ဦးစိုင်းအောင်မင်း အား အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပခဲ့ရာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် တည်ဆဲနိုင်ငံရေးပါတီ (၅) ပါတီနှင့် မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ (၄၂)ပါတီ ပေါင်း (၄၇) ပါတီ ရှိသည့်အနက် (၃၇)ပါတီသာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ နိုင်ငံရေးပါတီ (၂၂) ပါတီမှ ကိုယ်စားလှယ် ၁၁၄၈ ဦးနှင့် တစ်သီးပုဂ္ဂလ ၆ဦး စုစုပေါင်း ၁၁၅၄ ဦး ရွေးကောက်တင်မြှောက်ခံရပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည့် “ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ”ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်စွဲပါ ကြေညာချက်အမှတ် ၅/ ၂၀၁၁ ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည် -
(က) ဦးတင်အေး         ဥက္ကဋ္ဌ
(ခ) ဦးမြင့်နိုင်         အဖွဲ့ဝင်
(ဂ) ဦးအောင်မြင့်         အဖွဲ့ဝင်
(ဃ) ဦးသာဦး အဖွဲ့ဝင်
(င) ဒေါက်တာဒေါ်မြင့်ကြည် အဖွဲ့ဝင်
(စ) ဦးဝင်းကြည် အဖွဲ့ဝင်
(ဆ) ဦးညွန့်တင် အဖွဲ့ဝင်
(ဇ) ဦးဝင်းကို           အတွင်းရေးမှူး

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီ (၁) ရက်နေ့တွင် လစ်လပ်မဲဆန္ဒနယ် (၄၅) နယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပေးခဲ့ပါသည်။ ၄င်းကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၁၇) ပါတီမှ ကိုယ်စားလှယ် လောင်း (၁၆၁) ဦး နှင့် တစ်သီးပုဂ္ဂလ (၇) ဦး စုစုပေါင်း (၁၆၈) ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ ခဲ့ကြပါသည်။

ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ (၄၃)နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၁)နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (၁)နေရာ အနိုင်ရရှိခဲ့ပါသည်။

အဖွဲ့ဝင်ဖြစ်သော ဦးသာဦး သည် (၅-၆-၂၀၁၂)ရက်နေ့တွင် မိမိဆန္ဒအလျောက် နုတ်ထွက် သွားသဖြင့် အတွင်းရေးမှူး ဦးဝင်းကိုအား အဖွဲ့ဝင်အဖြစ်ခန့်အပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်  ဦးတင်ထွန်းအား အတွင်းရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရန် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈) နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့ပါပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၁၅)ဖြင့် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအဖြစ် ထပ်မံ ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည် -
(က) ဦးအင်ဇော်နော်
(ခ) ဦးစိုင်းခမ်းဝင်း
(ဂ) ဦးစောဘလှိုင်
(ဃ) ဦးဟာကီး
(င) ဒေါက်တာမောင်မောင်ကြည်
(စ) ဦးစိုင်းနွံတောင်း
(ဆ) ဦးစိုင်းထွန်းသိန်း
(ဇ) ဒေါက်တာစိုင်းစံဝင်း

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၉၁)ပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်း ၅၇၂၈ ဦးနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁၀ ဦး စုစုပေါင်း ၆၀၃၈ ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်တွင် ၃၂၃ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၆၈ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် (တိုင်ရင်းသားလူမျိုးမဲဆန္ဒနယ် အပါအဝင်) ၆၅၉ ဦးတို့ ရွေးကောက်တင်မြှောက်ခံရပါသည်။

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးနောက် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(င) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-
(က) ဦးလှသိန်း ဥက္ကဋ္ဌ
(ခ) ဦးအောင်မြင့် အဖွဲ့ဝင်
(ဂ) ဦးစိုးရယ် အဖွဲ့ဝင်
(ဃ) ဦးထွန်းခင် အဖွဲ့ဝင်
(င) ဦးလှတင့် အဖွဲ့ဝင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်  ဦးတင်ထွန်းမှ အတွင်းရေးမှူး အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

No comments:

Post a Comment