ပြည်တွင်းသောင်းကျန်းမှုသမိုင်း၁
Ref မြန်မာဝီကီပီးဒီးယား
မြန်မာနိုင်ငံ၏ပြည်တွင်းပဋိပက္ခများ (ပြည်တွင်းသောင်းကျန်းမှု) ဆိုသည်မှာ ၁၉၄၈ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းထံမှ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင်း ဖြစ်ပွားသော သောင်းကျန်းမှု ပဋိပက္ခများကို ရည်ညွှန်းသည်။ ဤပဋိပက္ခများသည် "ကမ္ဘာ့အရှည်ကြာဆုံး ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ပွဲများ"တွင် တစ်ခုအပါအဝင်ဟု ဖော်ပြကြသည်။
နောက်ခံသမိုင်း
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်တွင်း သောင်းကျန်းမှုသမိုင်းကို လေ့လာလျှင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတို့နှင့် ဆက်စပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ်သမိုင်း တစ်လျှောက်တွင် ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အစည်းများ မြောက်မြားစွာပင် ပေါ်ထွက်ခဲ့သည်။ နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် လည်းကောင်း၊ ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ကြောင့် သော်လည်းကောင်း လက်နက်ကိုင် ဆူပူသောင်းကျန်း ခဲ့ကြသည်။
မြန်မာနိုင်ငံ၏သမိုင်းကို ပြန်လည်လေ့လာလျှင် မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့အစိုးရ၏ လက်အောက်တွင် နှစ်ပေါင်းများစွာ ကျွန်နိုင်ငံ အဖြစ် ရပ်တည် နေခဲ့ရကြောင်း ထင်ရှားစွာ တွေ့ရနိုင်သည်။ ဗြိတိသျှနယ်ချဲ့အစိုးရသည် မြန်မာတို့၏ ဇွဲ၊ သတ္တိ၊ မျိုးချစ်စိတ်ဓာတ်၊ သူ့ကျွန်မခံလိုသော စိတ်ဓာတ်များကို သိရှိသည့်အလျောက် မြန်မာနိုင်ငံအား ကြာမြင့်စွာ အုပ်ချုပ်ထားနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း ခဲ့ကြသည်။ အဆိုးဆုံးကား သွေးခွဲစနစ် (Divide and rule) ပင်ဖြစ်သည်။ တစ်နိုင်ငံလုံးကို ဗြိတိသျှပါလီမန် အုပ်ချုပ်ရေးစနစ်အရ ဘုရင်ခံစနစ်ဖြင့် အုပ်ချုပ်နေသော်လည်း ရှမ်းပြည်တွင်မူ ပဒေသရာဇ်စနစ်ကို ဆက်လက်ခွင့်ပြုထားခဲ့သည်။ သို့နှင့် မြေပြန့်ဒေသနှင့် ရှမ်းတောင်တန်းဒေသများ နိုင်ငံရေးနိုးကြားမှုနှင့် ဖြစ်ပေါ် တိုးတက်မှု မတူညီတော့ပေ။ ကရင်များကို အထူးအခွင့်အရေးပေးခြင်းဖြင့် ကရင်-ဗမာ သွေးကွဲရေးကို ဦးတည်ခဲ့သည်။
ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်ရေးသည် မြန်မာ နိုင်ငံအတွင်းရှိ နိုင်ငံရေးအင်အားစုများအား အစိတ်စိတ်အမြွှာမြွှာ ကွဲပြားစေခဲ့သည်။ မတူညီသော ဖိနှိပ်မှုကြောင့်လည်း မတူညီသော နိုင်ငံရေးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တွင် မတူညီသောဖြစ်စဉ်များ ပေါ်ပေါက်လာသည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားနိုင်ငံ၌ အောက်တိုဘာတော်လှန်ရေး ဖြစ်ပွား သောအခါ ကွန်မြူနစ်ဝါဒ သည် မြန်မာမျိုးချစ်များအကြားသို့ ပျံ့နှံ့လာပြန်သည်။ သို့နှင့် လွတ်လပ်ရေးကြိုးပမ်းကြသည့် မျိုးချစ်ပုဂ္ဂိုလ် များအတွင်း၌ပင် နိုင်ငံရေးအယူဝါဒများ အမျိုးမျိုး ကွဲပြားလာကြသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေး၍ စွန့်လွှတ်ရတော့မည့်အချိန်တွင် အလိုတော်ရိအင်အားစုများကို မြှောက်ပင့်ပေး၍ ပြည်တွင်းသောင်းကျန်းမှုမီးတောက်လောင်စေရန် ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အစသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် မှီခိုနေသည်ဟု ဆိုရပေမည်။ အချို့အဖွဲ့အစည်းများမှာ လွတ်လပ်ရေးမရခင်ကပင် လက်နက်ကိုင်၍ ဆူပူသောင်းကျန်းနှင့်ကြပြီ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မီးသည် မြန်မာနိုင်ငံအတွင်းသို့ လက်နက်ခဲယမ်းများကို စည်းမဲ့ကမ်းမဲ့ ရောက်ရှိလာစေသည်။ စစ်ကျန်စစ်လက်နက်ပစ္စည်းများသည် ဂိုဏ်းဂဏစွဲ ပြင်းထန်သည့်ပါတီများ၊ အာဏာရယူလိုသည့် အဖွဲ့အစည်းများ၊ နယ်ချဲ့လက်ပါးစေ ခွဲထွက်ရေးသမားများ အတွက် လက်နက်ကိုင်ဆူပူရန် အထောက်အကူများစွာ ရရှိစေခဲ့သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း သောင်းကျန်းမှုသည် ဒုတိယကမ္ဘာစစ်၏ နောက်ဆက် တွဲဟူ၍ပင် ဆိုနိုင်သည်။
No comments:
Post a Comment